ပေါင်းတည်၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

ပေါင်းတည် သြဂုတ် ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယမန်နေ့ကအခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းတော်ရာကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အေးဆုစံက စာပေကျေးဇူးအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရေးရာဦးစီးဌာနမှ

တာ၀န်ခံအရာရှိ ဦးနိုင်၀င်းသိန်းကစားသုံးရန် မသင့်သောအစားအစာများအကြောင်း အသိပညာပေးဟောပြောခဲ့ကာ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး ဒုတိယဦးစီးမှူးဒေါ်၀င်းမြသန်းနှင့်၀န်ထမ်းများက စာရိတ္တဆိုင်ရာ အသိပညာပေးပုံပြင်များပြောခြင်း၊ သုတ၊ ရသစာအုပ်များ ဖတ်ရှုလေ့လာစေခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေနံရံကပ်စာစောင်များပြသပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ယင်းနောက် နေ့လယ်ပိုင်း၌ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ခဲ့ကာ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)