ရွှေတောင်မြို့နယ်တွင် အ.မ.က ကြာနီကန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင် သြဂုတ် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အ.မ.က) ကြာနီကန်ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကြာနီကန် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က တိုင်းရင်းဆေးဝါးများ၏ အကျိုးသက်ရောက်မှုနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါအကြောင်း၊ စားသောက်နေထိုင်မှုဆိုင်ရာအကြောင်းအရာများ ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသား(၈)ချက်နှင့် ဆောင်ရန်ရှောင်ရန် အသိပညာပေးသိကောင်းစရာအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား Icebreaking ပြုလုပ်ပေးပြီး ဒေါ်ရွှေဝတ်ရည်တိုးက "တိရစ္ဆာန်ဥယျာဥ်သို့ အလည်သွားခြင်း" စက္ကူပြဇာတ်ဖြင့် ပုံပြင်များ အသီးသီးပြောပြခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်ရွေ့လျားစာကြည့်တိုက်အဖြစ် ယူဆောင်လာသော စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက ဖတ်ရှုကြပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)