ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေး

ပွင့်ဖြူ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သမန်းရင်းကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ(VRFP)ဖြင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် ပဉ္စမအကြိမ် စီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်အကြောင်းအရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ လိုက်နာရမည့်အချက်များ၊ ချေးငွေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်၍ ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်အတွက် အထောက်အကူပြုနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းရန်ပုံငွေကျပ် ၄၂ ဒသမ ၅ သန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက သမန်းရင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၆၉ ဦးကို ငွေကျပ် ၂၂ ဒသမ ၂ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၈ ဦးကို ငွေကျပ် ၁၅ ဒသမ ၆၅ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၉ ဦးကို ငွေကျပ် ၄ ဒသမ ၁ သန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၃ ဦးကို ငွေကျပ် သုည ဒသမ ၅၅ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၅၉ ဦးကို ရန်ပုံငွေကျပ် ၄၂ ဒသမ ၅ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)