ကျွန်းစုမြို့တွင် Gender အသိပညာပေး သင်တန်းဖွင့်လှစ်

ကျွန်းစု ဩဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်သော Gender အသိပညာပေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီနွဲ့က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများအပြည့်အဝရရှိစေရေး၊ ကျား/မရေးရာ သတ်မှတ်ချက်များနှင့်ကိစ္စရပ်များ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှပပျောက်စေရေးနှင့် ကျား/မတန်းတူအခွင့်အရေးများ၊ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး စသည်တို့အား အသိပညာပေး ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အမျိုးသမီးများ၏အခန်းကဏ္ဍများကို ပိုမိုသိရှိနားလည်စေရန်၊ လူငယ်မူဝါဒ၏ကဏ္ဍတစ်ခုဖြစ်သည့် ကျား/မတန်းတူညီမျှမှုရရှိစေရေး အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍  ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် မြို့‌ပေါ်ရပ်ကွက်များမှ စိတ်ပါဝင်စားသူ(၄၈)ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)