သံတောင်ကြီး ဩဂုတ် ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ သံပုရာသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုမိုးတွင်းအချိန်တွင် သံပုရာသီးများ လှိုင်လှိုင်ထွက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးဒေသတွင် ဒေသခံပြည်သူများမှာ သံပုရာသီးပင်များကို အများအားဖြင့်ကိုင်းကူးကာ စိုက်ပျိုးကြသည်။ အဆိုပါ သံပုရာသီးကိုင်းကူးပင်များ စိုက်ပျိုးပြီး(၇)နှစ်ခန့်တွင်အသီးများစတင် သီးလာသည်။ သံပုရာသီးများသည် နွေရာသီတွင် အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိပြီး အလုံးအရွယ်အစားအလိုက်တစ်လုံးကို ကျပ်(၁၀၀)မှာကျပ် (၁၅၀)အထိရရှိသော်လည်းယခုမိုးတွင်းအချိန်တွင် တစ်လုံးလျှင် ကျပ်(၈၀)မှ ကျပ်(၁၀၀)သာရရှိကြောင်း သံပုရာသီးများကို သံတောင်ကြီး မြို့ပေါ်တွင်သာမက တောင်ငူမြို့ရှိ အသီးအနှံရောင်းဝယ်သူများထံ သွားရောက်ရောင်းချလျက်ရှိကြောင်း ယခုဈေးနှုန်းကျဆင်းချိန်နှင့် ဝယ်လိုအားကျဆင်းချိန်တွင် တစ်ချို့ သံပုရာသီးစိုက်ပျိုး လုပ်ကိုင်သူများက သံပုရာရည်ပြုလုပ်ကာ သိုလှောင်ကြပြီး နွေရာသီအချိန်တွင်ပြန်လည်ရောင်းချကြကြောင်း ဒေသခံသံပုရာသီး စိုက်ပျိုးလုပ်ကိုင်သူ ဦးစောအယ်လိုသာထံက သိရသည်။
နော်နော်မူ