တောင်တွင်းကြီး သြဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (community centre)ခန်းမ၌ ယမန်နေ့ နေလယ် (၁)နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ဦးစွာ အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်လှလှဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြုလုပ်မည့် အစီအစဥ်များတွင် ပါဝင်သည့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အခြေအနေများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပမည့်နေရာများ ရွေးချယ်သတ်မှတ်ရန်လိုအပ်ကြောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ စသည့် ပြိုင်ပွဲများနှင့် လူငယ်စကားဝိုင်း၊ စာဖတ်ဝိုင်း၊ စာအုပ်အရောင်းပြခန်းများ၊ ပန်းချီပြခန်း စသည့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အခြေအနေများ၊ ပြိုင်ပွဲများတွင် ကျောင်းအလိုက် ကျောင်းတွင်းပြိုင်ပွဲများ ကြိုတင်ပြုလုပ်၍ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ စီစစ်ရွေးချယ်နိုင်ရေး ကျောင်းတွင်းပြိုင်ပွဲများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝစေရန် စာရေးဆရာများ ဖိတ်ကြား၍ စာပေဟောပြောပွဲများလည်း ထည့်သွင်းပြုလုပ်နိုင်ရေးတို့နှင့်ပတ်သတ်၍ ကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်းနှင့် အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ပညာရေးမှူး၊ (ထက်၊ လယ်၊ မူ)အဆင့် ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ ပုဂ္ဂလိက ကိုယ်ပိုင်အထက်ကျောင်းမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)