ပွင့်ဖြူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ပွင့်ဖြူ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ ချေးငွေအတိုးနှုန်းထားများနှင့် ပြန်လည်ပေးဆပ်ရမည့် ကာလသတ်မှတ်ချက်များ၊ ငွေစာရင်းဇယားပြုစုထိန်းသိမ်းနည်းစနစ်များနှင့် ရန်ပုံငွေစနစ်တကျ သုံးစွဲရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းလုပ်ငန်းတွင် အကျုံးဝင်သော ဝင်ငွေတိုးလုပ်ငန်းများနှင့် ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စီမံကိန်းလက်စွဲစာစောင်ပါ လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းအသစ်တိုးချဲ့ဆောင်ရွက်မည့် ဘုရားကုန်းကျေးရွာနှင့် ရွာသာယာကျေးရွာအတွက် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်မတည်ရန်ပုံငွေကျပ် သိန်း(၃၀၀)စီကို ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )