မိုးညိုမြို့နယ်၌ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ရေဘေးသင့်ပြည်သူများအား ဆန်နှင့်အာဟာရမုန့်ထောက်ပံ့လှူဒါန်း

မိုးညို ဩဂုတ် ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောအုပ်စု၊ ထိန်တောကျေးရွာရှိ သိဒ္ဓိကာရုံဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme)မှ ရေဘေးသင့်ပြည်သူများအား ဆန်နှင့်အာဟာရမုန့်များကို ဩဂုတ်လ ၇ ရက်နေ့  ၂ နာရီက ထောက်ပံ့‌လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ Ma L Ja Lum (အကြီးတန်းစီမံကိန်းအရာရှိ)ဦးဆောင်သည့် အဖွဲ့ဝင်(၅)ဦးတို့က ထိန်တောကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု(၃၂)စု၊ လူဦးရေကျား(၅၉)ဦး၊ မ(၅၉)ဦး၊ စုစုပေါင်း(၁၁၈)ဦးတို့အတွက် ဆန်အိတ်(၃၅)အိတ်၊ ဘီစကစ်(၁၂)ဖာ၊ ကလေးအာဟာရမုန့်(၂)ဖာ၊ ကိုယ်ဝန်ဆောင်အာဟာရမုန့်(၂)ဖာတို့အား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ရာ ထိန်တောနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းခိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)