ဒေးဒရဲ သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ သစ်တောသစ်ပင်များ၏တန်ဖိုးထား အလေးထားသိရှိစေရန်၊ သစ်တောပြုန်းတီးမှု မရှိစေရေးအတွက် ဝိုင်းဝန်းပါဝင် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက အကယ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်နှင်းက သစ်တောများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် သစ်တောသစ်ပင်များမှ ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ရာသီဥတု ပြောင်းလဲမှုနှင့် သစ်တောသစ်ပင်များ၏ အရေးပါမှုကဏ္ဍများ၊ သစ်ပင်ပျိုးထောင်သည့် နည်းစနစ်များနှင့် သစ်တောများထိန်းသိမ်းခြင်းဖြင့် ရာသီဥတု မျှတကောင်းမွန်လာစေခြင်း၊ ရေအရင်းအမြစ်များအား ထိန်းသိမ်းပေးခြင်း၊ တောရိုင်းတိရစ္ဆာန်များအတွက် နေထိုင်ကျက်စားနေရာကို ဖန်တီးပေးနိုင်ခြင်း၊ လူသားများအသက်ရှင်ရပ်တည်ရေး သစ်တောသစ်ပင်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သဖြင့် ကျောင်းသား၊ ကျောင်းသူများ သစ်တောသစ်ပင်များကို တန်ဖိုးထား မြတ်နိုးတတ်စေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ သစ်တော၊ သစ်ပင်များကို အလေးထားတန်ဖိုးထားတတ်စေရေးအတွက် အသိပညာပေးဟောပြောပွဲများကျင်းပပေးခြင်း၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်များနှင့် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအား အများပြည်သူပါဝင်မှုဖြင့် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း