မိုးညို ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်၍ ယာယီပိတ်ထားရသည့်စာသင်ကျောင်းများအား မြစ်ရေကျဆင်းသွားသည့်အတွက် ဩဂုတ်လ ၆ ရက်နေ့က အခြေခံပညာကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ ရေဝင်ရောက်သည့်ရက်အလိုက် အခြေခံပညာစာသင်ကျောင်း ၈၉ ကျောင်းယာယီပိတ်ထားခဲ့ရာ မြစ်ရေကျဆင်းသည့်ကျေးရွာများရှိ ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်း ၈၉ ကျောင်းအား ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ တပ်မတော်သားများ၊ ဆရာ/ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများက အခြေခံပညာစာသင်ကျောင်းများအတွင်း မြစ်ရေကြီးမှုကြောင့်တင်ကျန်ရစ်သည့် ရွှံ့နွံများကို ရေစုပ်စက်ဖြင့်ဆေးကြောရှင်းလင်းခြင်း၊ အမှိုက်များကို ဖယ်ရှားရှင်းလင်းခြင်းနှင့် စာသင်ခုံများအား စနစ်တကျပြန်လည်နေရာချထားပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)