အခြေခံပညာမူလတန်းလွန်ကျောင်း (တဲကြီးကုန်း) တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံစာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

သဲကုန်း သြဂုတ် ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို သြဂုတ်လ ၇ ရက်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(တဲကြီးကုန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ​အခြေခံပညာမူလတန်းလွန်ကျောင်း(တဲကြီးကုန်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ကျောင်းသား/​ကျောင်းသူအနေဖြင့် ဗလငါးတန်ကြွယ်ဝစေရန်နှင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ social media ၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ အားလပ်ချိန်စာပေဖတ်ရှူလေ့လာရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အသိပညာဗဟုသုတများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ရှောင်ရှားတတ်စေရန်၊ လူငယ်များသိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများ၊ ပညာ၏တန်ဖိုးများ လူငယ်များအကျင့်စာရိတ္တကောင်းမွန်စေရေး စသည့်အကြောင်းအရာကို အကျယ်တဝင့်ဟော​​ပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)