ကော့သောင်းမြို့၌ အဏ္ဏဝါမြစ်အတွင်း ပလတ်စတစ်ကင်းစင်ရေး အသိပညာပေး

ကော့သောင်း သြဂုတ် ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာနတို့ ပူးပေါင်း၍ အဏ္ဏဝါမြစ်အတွင်းပလတ်စတစ်ကင်းစင်ရေး အတွက် ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ရွှေင်္ဟသာရပ်ကွက်ရှိ FOB စစ်ဆေးရေးစခန်း၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွန်းနှင့် ဝန်ထမ်းများက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုး တန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်အရ အဏ္ဏဝါမြစ်အတွင်း ပလတ်စတစ်ကင်းစင်ရေးအတွက် ရေယာဉ်များပေါ်တွင် ရေယာဉ်တာဝန်ခံများနှင့်ရေလုပ်သားများအား အသိပညာပေးဟောပြောပြီး ရေယာဉ်များ၌ အသိပညာပေး ပိုစတာများကပ်ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)