ကန့်ဘလူ ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာရေးဆရာတက်တိုး ရေးသားသည့် စာဖတ်စည်းစိမ်စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆရာတက်တိုး၏ စာဖတ်စည်းစိမ် စာအုပ်မှ အကောင်း ဆုံးအရာတို့ကို မြန်မြန်လုပ်၍ မရနိုင် ဆောင်းပါးကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းကပူး ပေါင်းဆောင်ရွက်ရသည့် လှုပ်ရှားမှုဆောင်းပါးကိုလည်းကောင်း၊ လုပ်သားရုပ်သံဦးအေးမင်းထွန်းက မင်းကိုမင်းပြန်ကြည့်စမ်းပါ ဆောင်းပါးကိုလည်းကောင်း ဖတ်ကြားရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ တက်ရောက်လာသောဝန်ထမ်းများက ဖတ်ကြားရှင်းလင်းဆွေးနွေးခဲ့သည့် ဆောင်းပါးများပါအကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းဆွေးနွေးပြီး စာပေဆိုင်ရာအသိအမြင်များနှင့် မိမိတို့ဘဝအတွေ့အကြုံများ ပေါင်းစပ်ကာ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)