ဟင်္သာတမြို့နယ်၌ မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ပထမရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

ဟင်္သာတ သြဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင် ဦးဆောင်၍ သြဂုတ် ၈ ရက်နေ့နံနက်ပိုင်းက မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ပထမရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုတွင် ဟင်္သာတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက နို့တိုက်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးနိုင်ရန်သင်ကြားပြသခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် အာဟာရပြည့်ဝအောင်စားသုံးရန် ကျန်းမာရေးပညာပေးခြင်းတို့ ​အသိပညာပေးဆွေးနွေးခဲ့ပြီး ဟင်္သာတခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦး ၊မြို့နယ်အသင်းဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အဖွဲ့ဝင်များ၊ကျန်းမာရေးဌာန တာဝန်ရှိသူများက နို့တိုက်မိခင်များအား ဗီတာမင်ဘီဝမ်းဆေး ပြားများတိုက်ကျွေးခြင်း၊ မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲကျင်းပပြုလုပ်၍ ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ ခရိုင်နှင့်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှတာဝန်ရှိသူများက နို့တိုက်မိခင်များအား ကြက်ဥနှင့်အိုင်အိုဒင်းဆားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)