ရှမ်းရွာသစ် ဩဂုတ် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဇူလိုင်လ(၂၅)ရက်နေ့တွင် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ပြီး တောင်ကျရေများနှင့် မိုးရေများဝင်ရောက်မှုကြောင့် ရင်းဘိုင်းကျေးရွာအုပ်စုနှင့် မဲလရောကျေးရွာအုပ်စုရှိ တောင်သူများ၏ လယ်ယာမြေများတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ရာ လယ်ယာ (၁၂၈)ဧက ပျက်စီးသွားကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီး တောင်ပေါ်ဒေသဖြစ်၍ မိုးသည်းထန်စွာရွာသွန်းသည့်အခါ ချောင်းရေများရေလျှံခြင်းများဖြစ်ပေါ်မှုကြောင့် ရင်းဘိုင်းကျေးရွာအုပ်စုနှင့် မဲလရောကျေးရွာအုပ်စုရှိ တောင်သူ(၈၅)ဦးပိုင် လယ်ယာ (၄၁၇)ဧက ရေကြီးနစ်မြုပ်ခဲ့ရာ (၁၂၈)ဧက ပျက်စီးသွားကြောင်း၊ အဆိုပါပျက်စီးသွားသော လယ်ယာမြေများအား လိုအပ်သည်များ စီမံဆောင် ရွက်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဦးမြင့်မောင်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က တောင်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လုပ်ငန်းများအဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းထားပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ်များ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)