မအူပင်၊ ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့်တိုက်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအား ယနေ့ညနေ (၃)နာရီက အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်းအတွင်းကျင်းပသည်။
ရပ်ကွက်နှင့်တိုက်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအား မြို့မတိုက်နယ်ဘောလုံးအသင်းနှင့် ညွန့်ပေါင်း(၃) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ညွန့်ပေါင်း(၃) ဘောလုံးအသင်းမှ ၁ ဂိုး ၀ ဖြင့် အနိုင်ရရှိပြီး ပထမဆု ဆုဖလားအားရရှိသွားခဲ့သည်။ ၎င်းနောက် ဆုချီးမြှင့်ပွဲအားဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် ညွန့်ပေါင်း(၃)အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် မြို့မတိုက်နယ်အသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးထွန်းထွန်းအေးမှလည်းကောင်း၊ တတိဆုရရှိသည့် ရေလဲတိုက်နယ်အသင်းအား မြို့နယ်အားကစားမှူးဒေါ်ဇင်မာခိုင်မှ လည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ရှေ့တန်းအကောင်းဆုံး ကစားသမားဆု၊ အလယ်တန်းအကောင်းဆုံးကစားသမားဆု၊ အနောက်တန်းအကောင်းဆုံးကစားသမားဆု၊ ဂိုဖမ်းအကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးကစားသမားဆုနှင့် ပွဲစဉ်တစ်လျောက် အကောင်းဆုံးကစားသမားဆုများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ ပထမရရှိသည့် ညွန့်ပေါင်း(၃) ဘောလုံးအသင်းအား ဆုဖလားချီးမြှင့်ပေးအပ်ခဲ့ရာ အသင်းနည်းပြနှင့်ကစားသမားများမှ လက်ခံရယူခဲ့ကြသည်။
အဆိုပါ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းမှကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများနှင့် ပြည်သူများတက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)