ပခုက္ကူမြို့၌ တရားမဝင်ဆေးဝါးအတုများနှင့်သက်တမ်းလွန်ဆေးဝါးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ပခုက္ကူ  ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ တရားမဝင်ဆေးဝါးအတုများနှင့် သက်တမ်းလွန်ဆေးဝါးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုရှိမရှိအခြေအနေများကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်း စစ်ဆေးကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများပူးပေါင်းပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ တရားမဝင်ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများ၊ စံချိန်စံညွှန်အရည်အသွေးများနှင့်ကိုက်ညီမှုမရှိသည့် ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများရောင်းချမှု ရှိ/မရှိ၊ စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့်ဆေးဝါးပစ္စည်းများ ရောင်းချမှုရှိ/မရှိ အခြေအနေများကို ရှောင်တခင်ကွင်းဆင်း စစ်ဆေးကြသည်။

ထို့နောက် ဆေးဝါးပစ္စည်းအရောင်းဆိုင်ပိုင်ရှင်နှင့်တွေ့ဆုံကာ ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုထားသည့် ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ ရောင်းချရေး၊ စားသုံးပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ဆေးဝါးပစ္စည်းများ ရောင်းချရေးတို့ကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)