မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် ယာယီပိတ်ထားသည့်အခြေခံပညာကျောင်းများအနက် (၆) ကျောင်း ထပ်မံပြန်လည်ဖွင့်လှစ်

ကန်ကြီးထောင့် ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုတို့ကြောင့် ကျောင်းဝင်းအတွင်းရေများဝင်ရောက်ခြင်းနှင့် ကျောင်းသား/သူများ ကျောင်းသွားရာလမ်းများ ရေကျော်ခြင်းတို့ကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအနက် ကျောင်း (၆) ကျောင်းအား ဩဂုတ်လ (၈) ရက်နေ့ကထပ်မံ၍ပြန်လည်ဖွင့်လှစ်ခဲ့‌ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုတို့ကြောင့် ဇူလိုင်လ (၂၉) ရက်နေ့က စတင်၍ အခြေခံပညာအထက်တန်းကျောင်းပေါင်း (၄၈) ကျောင်းအား ယာယီပိတ်ထားခဲ့ရာ ယခုအခါမြစ်ရေကျဆင်းခြင်းတို့ကြောင့် အဆိုပါ ကျောင်းများအနက် ဩဂုတ်လ (၅) ရက်နေ့တွင် အခြေခံပညာကျောင်း (၇) ကျောင်း၊ ဩဂုတ်လ (၆) ရက်နေ့တွင် အခြေခံပညာကျောင်း (၁) ကျောင်းနှင့် ဩဂုတ်လ(၇)ရက်နေ့တွင် အခြေခံပညာကျောင်း (၂) ကျောင်းအား ပြန်လည်ဖွင့်လှစ်ခဲ့ကြပြီး ဩဂုတ်လ (၈) ရက်နေ့တွင် အခြေခံပညာကျောင်း (၆) ကျောင်းအားထပ်မံ၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယခုအခါ ကျောင်းပေါင်း(၁၆)ကျောင်းအား ပြန်လည်ဖွင့်လှစ်ထားရှိနေပြီ ဖြစ်သည်။

အဆိုပါ ပြန်လည်ဖွင့်လှစ်ထားသော ကျောင်းများအား သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး များ၊ ရပ်မိ၊ရပ်ဖများ၊ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက မြစ်ရေတက်ပြီး ကျောင်းဝင်းအတွင်းရေများဝင်ရောက်ရာ၌ ကျန်ခဲ့သည့် ရွံ့၊ နွံများ၊ အမှိုက်သရိုက်များအား စုပေါင်းရှင်းလင်းခြင်းများအား ဆောင်ရွက်ခဲ့ပြီး ယာယီပိတ်ထားခဲ့သည့် ရက်များအတွက် အပတ်စဉ်စနေ/တနင်္ဂနွေ၊ အဖိတ်/ဥပုဒ်နေ့တိုင်း အစားထိုးပြန်လည်ဖွင့်လှစ်သင်ကြားမည်ဖြစ်‌ကြောင်း၊ ပြန်လည်ဖွင့်လှစ်ရန်ကျန်ရှိသည့် အခြေခံပညာကျောင်းပေါင်း (၃၂) ကျောင်းရှိ‌နေ‌သေကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)