စေတုတ္တရာမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် လှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပ

စေတုတ္တရာ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ မြို့နယ်မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းတို့၏ ပူးပေါင်းမှုဖြင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးဆိုင်ရာ မေးခွန်းများဖြေဆိုခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများကို အ.လ.က(ခွဲ) အမှတ်(၁)၊ အ.ထ.က (စေတုတ္တရာ)ကျောင်းများတွင် ယမန်နေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်သည်။

ထို့နောက် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျင်းပရာပြိုင်ပွဲများသို့ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကိုကိုဇင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ အခြေခံပညာဦးစီးဌာနပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး၊ စာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှိုင်စုခိုင်နှင့်အဖွဲ့ဝင်များမှ အ.လ.က(ခွဲ) အမှတ်(၁)၊ အ.ထ.က(စေတုတ္တရာ)ကျောင်းတို့မှ‌ ကျောင်းသား၊ ကျောင်းသူများ၏ ‌ကျန်းမာရေးဆိုင်ရာ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ မေးခွန်းများဖြေဆိုမှု၊ ကျန်းမာရေး အသိပညာပေး ကဗျာများဖြစ်သည် “သန့်လေးသန့်”၊ “အစာစားပါ”၊ “ရန်သူ” အစရှိသည့်ကဗျာရွတ်ဆိုယှဉ်ပြိုင်မှုတို့ကို အားပေးကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြသည်။

အဆိုပါပြိုင်ပွဲတွင် စေတုတ္တရာမြို့နယ် အ.လ.က(ခွဲ) အမှတ်(၁)မှ ကျောင်းသား/ကျောင်းသူ(၁၈)ဦး၊ အ.ထ.က(စေတုတ္တရာ)ကျောင်းမှ (၆၁) ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ကျောင်းကျန်းမာရေးအထိမ်းအမှတ် သီတင်းပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ်လ (၈) ရက်နေ့၌ စေတုတ္တရာမြို့နယ်ရှိ စာသင်ကျောင်း (၂၄) ကျောင်းတို့တွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)