ဟားခါး သြဂုတ် ၈
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထုတ်ချေးမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို သြဂုတ်လ ၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးမှုနှင့်ပတ်သက်၍ ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီး ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ပေးရန် လိုအပ်သည့်အချက်များကို အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတာဝန်ရှိသူမှ မြေပြင်တွင် အမှန်တကယ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှတစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြအစီရင်ခံရန်လိုအပ်ကြောင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကြည်တိုးက ဖတ်ကြားပြီး အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် တင်ပြလိုသည့်အချက်များကို သက်ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းတင်ပြကြပြီးနောက် ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးများက ဆွေးနွေးတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့ အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်မှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)