မြိတ် ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
မြိတ်ခရိုင်၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဩဂုတ်လ စတုတ္ထအပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်း/ကာလပေါ်၊ မဟာဂီတ၊ အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်မားရေး၊ အကပြိုင်ပွဲတွင် တပင်တိုင်အက၊ အတီးပြိုင်ပွဲတွင် စန္ဒယားပြိုင်ပွဲအမျိုးအစားများဖြင့် အခြေခံ(၁၀-၁၅)၊ အခြေခံ(၁၅-၂၀) အဆင့်မြင့် ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကာ ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲအမျိုးအစားများအလိုက် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီများ၏ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက မြိတ်ခရိုင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးအကြံပြုခဲ့ကြပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)