ပိုင်ကျုံမြို့ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာ ဆက်သွယ်သည့်တံတားအား ပြန်လည်ဖြတ်သန်းသွားလာနိုင်

ပိုင်ကျုံ ဩဂုတ်  ၈

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျ‌ချောင်းရေစီးဆင်းမှုကြောင့် အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာအုပ်စု ဆက်သွယ်ထားသည့် ဒါးကျိုင်းချောင်းတံတားပေါ်သို့ ရေလွမ်းမိုးမှုကြောင့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

အဆိုပါတံတားသည် သံကူကွန်ကရစ် ရေမြုပ်တံတားဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းလာမှုကြောင့် ဇူလိုင်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့ထိ ၁၄ ရက်ကြာ နိမ့်မြုပ်ခဲ့ကြောင်း၊ ရေပြန်လည်ကျသည့်အချိန်တွင် တံတားပေါ်၌ နုန်းမြေများလည်း တင်ကျန်ခဲ့ကြောင်း သိရသည်။

ထိုတံတားပေါ်၌ အန္တရာယ်ကင်းစွာဖြတ်သန်းသွားလာနိုင်ရေးအတွက် တင်ကျန်ခဲ့သည့် နုန်းမြေများအား ဇူလိုင်လ ၆ ရက်နေ့တွင် ဒေသခံပြည်သူများ စုပေါင်းကာ ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်း၊ ယခုအခါ ယင်းတံတားပေါ်တွင် လူနှင့်မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)