သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ကျန်းမာရေး ဟောပြောပွဲကျင်းပ

သရက် ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အခြေခံပညာမူလတန်း အ.န.မကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းကျန်းမာရေး ကလေးအရာရှိ ဒေါ်စန်းစန်းသင်းက ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြား နိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ် မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံ အိမ်သာသုံးစွဲရန်ပြောကြားပေးခဲ့ပြီး ဦးအောင်ဝင်း ကျန်းမာရေးမှူး အဆင့်(၁)က မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ အကြောင်းကို ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး တစ်ဦးချင်း ကျောင်းကျန်းမာရေး မှတ်တမ်းကတ်များ ရေးသွင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)