ထားဝယ် ဩဂုတ် ၈
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့နံနက် ၁၀နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပုံမှန်ပြုလုပ်ကျင်းပလျက်ရှိသည့်အချိန်တွင် ပြုလုပ်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ ဆိုကရေးတီးသည် နိုင်ငံတော်အနေဖြင့် အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်သည့်အတွက်ကြောင့် အားတက်သရော ပါဝင်ယှဉ်ပြိုင်လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် ယခင်ကဝါသနာရှင်များ၊ ပညာရှင်များပေါ်ထွန်းခဲ့ပြီး ယခုအခါ တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေသောကြောင့် ပညာရှင်များ ပေါ်ထွန်းလာအောင် ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အတီးပညာရပ်တွင် တူရိယာပစ္စည်းများပါဝင်သောကြောင့် ကြိုတင်ရှာဖွေရန် လိုအပ်ကြောင်း၊ ဆိုကရေတီးနှင့်သန်ခေါင်စာရင်းကောက်ယူမှုလုပ်ငန်း(၂)ခု တစ်ပြိုင်တည်းဖြစ်နေသည့်အတွက် ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရေးအတွက် တိုင်းဒေသကြီးတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသောပညာရှင်များ စုဆောင်းပြီး အကောင်းဆုံးလေ့ကျင့်၍ ဝင်ရောက်ယှဉ်ပြိုင်ရန်၊ နေပြည်တော်တွင် သွားရောက်ယှဉ်ပြိုင်သည့်အခါတွင် တိုင်းဂုဏ်ဆောင်နိုင်အောင် ယှဉ်ပြိုင်ရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ကြိုဆိုနေရာချထားရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ဆုချီးမြှင့်ရေး၊ ပြိုင်ပွဲစိစစ်ရွေးချယ်ရေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဧည်ခံကျွေးမွေးရေးစသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)