ကြာအင်းဆိပ်ကြီး ဩဂုတ် ၈
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံမွေးမြူရေးတောင်သူများအား တိရစ္ဆာန်အစာများ ရှာဖွေဝယ်ယူအသုံးပြုမှု သက်သာအဆင်ပြေစေပြီး အစာပေါများစေရေးအတွက် ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်း အသိပညာပေးလက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်အစာ ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်း လက်တွေ့သရုပ်ပြသခြင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက တောင်သူများအား အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးလွင်က တိရစ္ဆာန်အစာများ လွယ်ကူစွာကျွေးမွေးနိုင်စေရေး အစာများအား ဝယ်ယူမှုကုန်ကျစရိတ်များ သက်သာလာပြီး အစာများပေါများစွာ ရရှိနိုင်စေရေးအတွက် ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်းအား အသိပညာပေး လက်တွေ့သရုပ်ပြသပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လေ့လာသင်ယူကြသည့် အမှတ်(၃)၊ အမှတ်(၆)ရပ်ကွက်နှင့် ကြာအင်းရွှေဒိုးကျေးရွာအုပ်စုရှိ မင်္ဂလာကုန်း၊ ရွှေလင်း၊ ဦးချွန်ကုန်းကျေးရွာများမှ မွေးမြူရေးတောင်သူ (၃၀) ဦးအား ကောက်ရိုးချဉ်ဖတ်ပြုလုပ်ပုံအဆင့်ဆင့်အား ၎င်းဦးစီးဌာနမှဝန်ထမ်းများက လက်တွေ့သရုပ်ပြသပေးခဲ့ပြီး တာဝန်ရှိသူများမှ အဆိုပါမွေးမြူရေးတောင်သူများကို အသင့်သုံး နွား၊ ဝက်၊ ကြက်၊ တိရစ္ဆာန်အစာ (၂၅၀၀) ကီလိုဂရမ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)