ကန့်ဘလူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးဧက ၁၀,၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်

ကန့်ဘလူ ဩဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးနှင့်ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၂၅၅၈ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ၁၀,၇၁၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါမိုးစပါးများကို ဇူလိုင်လဆန်းက စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ ရာသီဥတုရေမြေဒေသနှင့် ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးသွားရန်၊ ဆန်စပါးထုတ်လုပ်မှုတိုးတက်ရေးအတွက် တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်သုံးစွဲရေး၊ လေ့ကျင့်ပညာပေးရေးနှင့် သုတေသနဖွံ့ဖြိုးရေး ရည်မှန်းချက်ထား၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆည်ရေသောက်ဧရိယာနှင့် မိုးကောင်းသောက် ဧရိယာများတွင် ရေရရှိရေးနည်းလမ်းခြောက်သွယ်ဖြင့် မိုးစပါးများကို ကြဲခင်းစိုက် (အစို/ အခြောက်)၊ တိုက်ရိုက်စိုက် (အစို/ အခြောက်)၊ လုပ်သားရှားပါးမှု အခက်အခဲများ ဖြေရှင်းနိုင်စေရန် စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် ကွင်းသရုပ်ပြပွဲများ၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေးသွင်းအားစုကုန်ကျစရိတ် သက်သာစေရန်နှင့် စိုက်ပျိုးရေးနည်းစနစ်များကို စိုက်ပျိုးရေးကွင်းတာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကန့်ဘလူမြို့နယ်၌ မိုးစပါးလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန စသည့်ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စပါးမျိုးများအဖြစ် ဆင်းသုခ၊ ဧရာမင်း၊ ပေါ်ဆန်း၊ ရွှေသွယ်ရင်နှင့်မနောသုခ စသည့် စပါးမျိုးများကိုစိုက်ပျိုးကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)