ရွှေတောင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရွှေတောင် သြဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ရတနာခန်းမတွင် ဩဂုတ်လ (၆) ရက်နံနက် ၁၀ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် အထက-ရွှေတောင် ကျောင်းသားလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ခရိုင် ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၆) ဘာသာ (၁) ဦး၊ (၅) ဘာသာ (၁) ဦး၊ (၄) ဘာသာ (၃)ဦး၊ (၃) ဘာသာ (၃)ဦး၊ (၂) ဘာသာ (၉) ဦး၊ (၁) ဘာသာ (၁၉) ဦး၊ စုစုပေါင်း (၃၆) ဦးနှင့် (၆) ဘာသာဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ပြည်ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးဆုချီးမြှင့်ခဲ့ကြပြီး (၆) ဘာသာဂုဏ်ထူးရှင် မောင်ရဲရင့်ဟိန်းမှ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၏ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)