ညောင်တုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ညောင်တုန်း ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ရွှေဟင်္သာကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စာပေဖတ်ရှုခြင်းအကျိုးကျေးဇူးများ စသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ချိုမီဇင်က စားသုံးသူရေးရာ အသိပညာပေအကြောင်းအရာများဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူမှ တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် စားသုံးသူကာကွယ်‌ရေးအသိပညာပေး ‌အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုစုခင်က အားကစားအဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ အားကစားသိပ္ပံကျောင်း တက်ရောက်မည့်သူများ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာများစသည့် အကြောင်းအရာများကို လည်း‌ကောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနယ်လှည့်နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်၊ စာစောင်များပြသခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)