ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက် လာသည့်နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

ကော့သောင်း ဩဂုတ် ၈

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား(၁၁၈)ဦး၊ အမျိုးသမီး(၁၀)ဦး၊ စုစုပေါင်း (၁၂၈) ဦးအား ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှလွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌သူဟိန်းစိုးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိသူများက လိုအပ်သည်များကို ပြောကြားပြီး ကျန်းမာရေးဌာနနှင့်သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်းရှိ/မရှိစစ်ဆေးလက်ခံခဲ့သည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများကို ကိုယ်ရေးမှတ်တမ်းများကောက်ယူခြင်းနှင့် ကျန်းမာ‌ရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီး မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)