စလင်း သြဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်း(၃၄)ကျောင်းအား ယာယီပိတ်ထားခဲ့ရာမှ အခြေခံပညာကျောင်းအားလုံး ယမန်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဆက်လက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးနှင့် ထိစပ်သည့်ကျေးရွာများနှင့် မြေနိမ့်ပိုင်းကျေးရွာများမှ အခြေခံပညာကျောင်းပေါင်း (၃၄) ကျောင်းကို ဇူလိုင်လ (၁၅) ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ရာ ယခုအခါ ထပ်မံ၍ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် အခြေခံပညာကျောင်းများဖြစ်သည့် မူလွန်အ.မ.ကပေါက်ကုန်း၊ အမကျွန်းကလေး၊ အ.မ.ကညောင်ပင်လှ၊ တောင်မှရိုးကုန်၊ တောကြီး၊ ရေလည်ရွာမ၊ ဥယျာဥ်စု၊ အချင်းပစ်၊ တောင်အချင်းပစ်၊ ကူတို့ပေါက်၊ မူလွန်ကျွန်းစု၊ မူလွန်ဆင်မကျွန်း-တောင်၊ အ.ထ.က(ခွဲ) ကျောက်ရဲကျွန်း အ.ထ.က(ခွဲ)-ဆင်မကျွန်း-တောင်၊ အ.ထ.က(ခွဲ)-ဆင်မကျွန်းတို့သည် ယမန်နေ့နံနက်ပိုင်းတွင်၊ အခြခံပညာကျောင်းအားလုံး ဖွင့်လှစ်နိုင်ကြောင်း သိရသည်။ကျောင်းများအားပြန်လည်ဖွင့်လှစ်သင်ကြားနိုင်စေရန် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆရာ၊ ဆရာမများနှင့် ကျောင်းကော်မတီဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘများ ကျောင်းသား၊ ကျောင်းသူများက ဧရာဝတီမြစ်ရေကြီးမှုကြောင့် တင်ကျန်ရစ်သည့် ရွှံ့နွံများ၊ အမှိုက်သရိုက်များအား ရေစုပ်စက်များဖြင့် ဆေးကြောရှင်းလင်းခြင်းများကို ဆရာမိဘ ကျေးရွာလူထုပူးပေါင်း၍ ရှင်းလင်းခဲ့ပြီး ယမန်နေ့ သြဂုတ်လ (၇) ရက်နေ့တွင် ကျောင်းသင်ခန်းစာများကို ဆက်လက်ပညာသင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
(မောင်လွင်)စလင်း