ထားဝယ်တက္ကသိုလ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ကျင်းပ

ထားဝယ်  သြဂုတ်  ၇

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ လူဦး ရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအောင်မြင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်း သမိုင်းကြောင်း၊ နောက်ခံအကြောင်းအရာ၊ သန်းခေါင်စာရင်း၏ ဥပဒေ၊ သန်းခေါင်စာရင်းဖွဲ့စည်းပုံ၊ သန်းခေါင်စာရင်း အသုံးဝင်ပုံ၊ ရည်ရွယ်ချက်များ၊ အခြေခံအချက် အလက်များ၊ လုပ်ငန်းစဉ်(၄)ရပ်၊ကောက်ယူမည့်မူ၊ ကောက်ယူမည့်နည်းလမ်း၊ အသုံးပြုမည့် မေးခွန်းပုံစံ(၂) မျိုး စသည် တို့ကို ဆွေးနွေးဟောပြောပြီး သန်းခေါင်စာရင်းအသုံးအဆောင်ပစ္စည်းဖြစ်သည့် စပို့ရှပ်၊ တီရှပ်နှင့် ဦးထုပ်များအားပေးအပ်ရာ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက လက်ခံရယူသည်။

ဆက်လက်၍ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဒေါ်သန်းသန်းဦးက သန်းခေါင်စာရင်းလူဦးရေဆိုင်ရာ အချက်အလက်မှန်ကန် စွာရရှိရေးသည် နိုင်ငံတော်မှချမှတ်သည့် မူဝါဒ၊ မဟာဗျူဟာစီမံကိန်းများအတွက် အထောက်အပံ့ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ဟောပြောချက်များအပေါ် ဗဟုသုတရရှိပြီးတွေးခေါ်ကြံဆနိုင်သည့် အရည်အသွေးပြည့်၀သည့် ဘွဲ့ရပညာတတ်များ ဖြစ်အောင် ကြိုစားကြစေလိုကြောင်း၊ သို့မှသာအေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်စေသည့် နိုင်ငံတော်ဖြစ်စေရေး ရည်မှန်းချက်ထားရှိဆောင်ရွက်ကြစေလိုကြောင်းနှင့်ယခုကဲ့သို့ သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ သိရှိအောင် လာရောက်ဟောပြောသည့်အတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။

ဟောပြောပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေး၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦး၊ ဒုတိယပါမောက္ခချုပ်၊ ကထိကများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ (၃၅၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သန်းခေါင်စာရင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)