မင်းဘူး ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေမှ အာမခံအလုပ်သမားတစ်ဦးအလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းထောက်ပံ့ငွေ ကျပ်သိန်း ၉၀ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က အဆိုပါရေနံမြေအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မင်းဘူးမြို့ မြန်မာ့ရေနှံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမြတ်မင်းအောင်က အဖွင့်အမှာစကားပြောပြီး မကွေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးက အာမခံအလုပ်သမားတစ်ဦးအလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီးနောက် အကျိုးခံစားခွင့်ရှိသည့် မိခင်ဖြစ်သူ ဒေါ်အေးဌေးထံ ထောက်ပံ့ငွေ ကျပ်သိန်း ၉၀ ကို ပေးအပ်ခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၊ မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေမှ အာမခံအလုပ်သမား ဦးအောင်ပိုင်မင်းသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် ည ၉ နာရီခွဲအချိန်ခန့်က ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေဧရိယာ (N55/6) တွင်းတူးစက်လုပ်ငန်းရှိ မန်ကျီးစုကျေးရွာမှ တာဝန်ထမ်းဆောင်ပြီး ဆိုင်ကယ်ဖြင့် မိမိနေအိမ်သို့ ပြန်လာသည့်လမ်းတွင် ဘယ်ဘက်ရင်အုံ၌ ချွန်ထက်သောအရာဖြင့် ထိုးသွင်းဒဏ်ရာရရှိ၍ သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ကျပ်သိန်း ၉၀ တိတိကို ငွေလုံးငွေရင်းအကျိုးခံစားခွင့်ရှိသည့် မိခင်ဖြစ်သူထံ တစ်လုံးတစ်ခဲတည်း ထုတ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ပြောကြားခဲ့သည်။
မောင်မောင် (မင်းဘူး)