ဟင်္သာတ သြဂုတ် ၈
ဟင်္သာတမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သြဂုတ်လ ၆ ရက်နေ့က ခရိုင်ပြန်/ဆက် ဦးစီးမှူးဒေါ်ခင်စန္ဒာဆွေနှင့် ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးမာ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိခင်တို့က ဒူးယားကျေးရွာ "သုတရွှေကြယ်စင်စာကြည့်တိုက်"နှင့် မွှေးလုံးကျေးရွာအုပ်စုရှိ "ရတနာပျိုးခင်း" စာကြည့်တိုက်များသို့ကွင်းဆင်း၍ စာကြည့်တိုက်ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ပါသည်။ ယင်းသို့ တွေ့ဆုံရာတွင် စာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်နိုင်ရေး၊ စာအုပ်စာစောင်များ စနစ်တကျ စာရင်းရေးသွင်းခြင်း၊ စာငှားသူစာဖတ်သူများနှင့် သက်ဝင်လှုပ်ရှားမှုရှိစေရန် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဒူးယားကျေးရွာ "သုတရွှေကြယ်စင်"စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ကလေးများအတွက် ရုပ်ပြစာအုပ်များနှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အဖွဲ့ဝင်များက ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန်ပြည့်စုံစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကျေးရွာစာကြည့်တိုက်များကိုပါ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)