စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄) တက်ရောက်

မုံရွာ သြဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄) ကို သြဂုတ်လ ၇ ရက်၊ မွန်းလွဲပိုင်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ယခုအစည်းအဝေးတွင် စစ်ကိုင်းမြို့၌ဆောင်ရွက်မည့် ရွှေငွေအေးတိုးကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအား အတည်ပြုမိန့်ထုတ်ပေးရန်အတွက် ဆွေးနွေးသွားကြရန်ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ခွင့်ပြုပေးနိုင်ရန်နှင့် ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး လုပ်ငန်များတိုးတက်အောင်မြင်ရန်နှင့် တိုးမြှင့်ထည့်ဝင်ဆောင်ရွက်နိုင်ရန် ဆက်လက်ကြိုးပမ်း အားပေးကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်းပြောကြားသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းအခြေအနေများနှင့် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှုဖြင့် ရွှေငွေအေးတိုးကုမ္ပဏီလီမီတက်မှ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေနှင့်အညီ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)