သံတောင်ကြီးမြို့တွင် မြေပြိုဘေးသင့်နေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်

သံတောင်ကြီး ဩဂုတ် ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့တွင် မိုးသည်းထန်စွာဆက်လက်ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများကြောင့် သံတောင်ကြီးမြို့ပေါ်ရပ်ကွက်များတွင် မြေပြိုဘေးသင့်နေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်က ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြေပြိုဘေးသင့်သည့်အိမ်ထောင်စု(၇)စုလူဦးရေ(၃၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ငွေကျပ်(၆၇၂၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၇၄၀၀၀၀) စုစုပေါင်း ထောက်ပံ့ငွေကျပ် (၈၀၇၂၀၀)နှင့်  အိမ်လုံးဝပျက်ဆီးသွားသည့်အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တန်ဖိုးငွေကျပ် (၄၈၁၇၆၀)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်တို့က မြေပြိုဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။        

နော်နော်မူ