ဘားအံ ဩဂုတ် ၈
ဘားအံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားပြီး စတုတ္ထနှစ်ပြီးမြောက်၍ သက်ဆိုင်ရာဘွဲ့အသီးသီးကို ရရှိပြီးသော ကျောင်းသား၊ကျောင်းသူများသည် အသုံးချပညာရပ်တစ်ခုကို ကျွမ်းကျင်စွာတတ်မြောက်သွားပြီး လုပ်ငန်းရှင်များအဖြစ်လည်းကောင်း၊ အခြားသောလုပ်ငန်းခွင်များတွင် ကျွမ်းကျင်သူများအဖြစ်လည်းကောင်း၊ အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ တွင် ဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် MSME အထောက်အကူပြု အသုံးချပညာရပ်များ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲအတွက် ငွေကျပ်(၇)သိန်းကို ပါမောက္ခချုပ်ထံ ထောက်ပံ့ပေးအပ်ကာ ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက MSME အထောက်အကူပြုအသုံးချပညာရပ်များ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်း၊ ပထဝီဝင်၊ အရှေ့တိုင်းပညာဌာနများမှ ပါမောက္ခ၊ ဌာနမှူးများက သက်ဆိုင် ရာဌာနများအလိုက် ဆွေးနွေးမည့်အကြောင်းအရာများကို ရှင်းလင်းတင်ပြကြပြီး ဘားအံတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက တက္ကသိုလ်နန်း တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဘားအံတက္ကသိုလ် သိပ္ပံဘာသာရပ်ဌာန(၄)ခုနှင့် ဝိဇ္ဇာဘာသာရပ်ဌာန(၃)ခုတို့မှ စတုတ္ထနှစ်ကျောင်းသား၊ကျောင်းသူ(၃၀၃)ဦးတို့က ငါးဆေးထိုးသားဖောက်နည်းပညာ၊ မှိုမျိုးစုံစိုက်ပျိုးနည်းပညာ၊ ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းပညာ၊ ကွန်ပျူတာအသုံးပြု၍ လျှပ်စစ်ပတ်လမ်းများ ရေးသားခြင်းနည်းပညာ၊ ယဉ်ကျေးမှုအမွေအနှစ်များဆိုင်ရာခရီးသွားနည်းပညာ၊ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားပညာ၊ ဗုဒ္ဓဘာသာစေတီပုထိုးနှင့် ရုပ်တုဆိုင်ရာအနုပညာအစရှိသည့် သက်ဆိုင်ရာဘာသာရပ်များအလိုက် အသုံးချပညာရပ်များကို ဩဂုတ်လ ၇ ရက်နေ့မှ ၂၀ ရက်နေ့ထိ အစိုးရရုံးပိတ်ရက်များမပါ (၁၀)ရက်ကြာ စာတွေ့လက်တွေ့ လေ့လာသင်ကြားဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)