ညောင်တုန်း ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ရွှေဟင်္သာကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွှေဟင်္သာကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေခိုင်မြင့်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများ ရရှိစေရန်၊ မိမိတို့ ပြောကြားလိုသည့် အကြောင်းအရာများကို အချင်းချင်း အပြန်အလှန်ချပြဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် လူငယ်များဗလငါးတန်ပြည့်စုံ၍ အနာဂတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလို စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ဦးစီးအရာရှိဒေါ်တင်တင်လှိုင်ကဦးဆောင်၍ ကျောင်းသား/ကျောင်းသူများနှင့်အတူ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသောမေးခွန်းများနှင့် မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)