တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာကျောင်းပေါင်းစုံဘော်လီဘော ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ် ဩဂုတ် ၇

ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ဘော်လီ ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာဗိုလ်လုပွဲသို့တက်ရောက်လာသည့် EDU Park ကိုယ်ပိုင်အထက်တန်းကျောင်း အမျိုးသားအသင်းနှင့်အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းအမျိုးသားအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း အမျိုးသားအသင်းက အနိုင်ရရှိသည်။

ထို့နောက်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ပွဲစဉ်တစ်လျှောက် အကူအညီပေးသောကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အမျိုးသားဘော်လီဘောပြိုင်ပွဲတွင်ဒုတိယ ဆုရရှိသည့် EDU Park ကိုယ်ပိုင်အထက်တန်း ကျောင်းအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် EDU Park ကိုယ်ပိုင်အထက်တန်း ကျောင်းအသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အမျိုးသားဘော်လီ ဘောပြိုင်ပွဲတွင်ပထမဆုရရှိသည့် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းအသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူ ကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းအသင်းအားလည်ကောင်း တစ်ဦးချင်းဆုနှင့် ငွေသား ဆုချီးမြှင့်သည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပထမဆုရရှိသည့်အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းအမျိုးသားအသင်းနှင့်  အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအမျိုးသမီးအသင်းအား  တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။

ထို့နောက်တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီမှတာဝန်ရှိသူများက  ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အသင်းအား ဆုငွေကျပ်(၂)သိန်းစီ၊ ဒုတိယဆုရရှိသည့်အသင်းအားဆုငွေကျပ်(၁)သိန်းစီ  စုစုပေါင်းဆုငွေ (၆)သိန်းကျပ်အားပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)