မော်လမြိုင်ကျွန်း ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး အဆို၊ အက၊ အရေး၊ အတီး ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ဦးစီးဌာန မော်ဧရာခန်းမတွင် ကျင်းပခဲ့သည်။
ပထမဦးစွာ အခမ်းအနားကို ဒုတိယတန်း ဝါသနာရှင်အဆိုတော်မှ “ဖန်တီးသူတို့ အပြုံးများ” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး အစီအစဥ်များအတိုင်း ဆက်လက်ဆောင်ရွက်ရာ ဝါသနာရှင်အဆိုတော်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများ၏ ကဗျာလွတ် အကများ၊ တစ်ကိုယ်တော်အကများ၊ ပတ္တလား တစ်ကိုယ်တော်အတီးများစသည့် အဆို၊ အက၊ အရေး၊ အတီးများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင်(၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့များ၊ ပြိုင်ပွဲဝင်ကြမည့် မြို့နယ်အတွင်းမှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဝါသနာရှင် မိဘပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။
ရဲကိုမောင်(ပြန်/ဆက်)