မုံရွာ ဩဂုတ် ၇
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဗဟုသုတများ တိုးပွားရရှိနိုင်စေရေး၊ အသိပညာများ မျှဝေပေးနိုင်စေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်ကမုံရွာမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မုံရွာမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်ဝင်းက မိတ်ဆက်စကားပြောကြားပြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် လူငယ်မောင်မယ်များက တစ်ဦးချင်း မိတ်ဆက်ကာ လူငယ်မောင်မယ်(၄)ဦးက “လူငယ်နှင့်စာပေ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးပါဝင် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် လူငယ်မောင်မယ်များက ပြန်လည်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုဝင်းနှင့် ပါဝင်ဆွေးနွေးခဲ့ကြသည့် လူငယ်မောင်မယ်(၄)ဦးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဖြေကြား ပေးခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးသူ လူငယ်များအား အမှတ်တရလက်ဆောင်များပေးအပ်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကာ လူငယ် စကားဝိုင်းကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)