ကျိုက်လတ်မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် အခြေခံပညာအထက်တန်းကျောင်း (ဖောင်ရိုးချောင်း)၌ လူငယ်စကားဝိုင်းကျင်းပ

ကျိုက်လတ် ဩဂုတ်  ၇

လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာ ဉီးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးချောင်းကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ရှိန် မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်များနားထောင်ပြီး အသိပညာ ဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဉီးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူတို့နှင့်အတူ (Grade-12)မှ မမေဇင်ဖြိုးက လူငယ်နှင့်စိတ်ဓာတ်၊ (Grade-11)မှ မောင်မြင့်မြတ်ဦးက လူငယ်နှင့်ကျန်းမာရေး၊ (Grade-11)မှ မမေဇင်ဖူးက အာဇာနည်နေ့နှင့် လူငယ် တာဝန်၊ (Grade-11)မှ မသဲစုဝေက လူငယ်နှင့်စည်းကမ်း၊ (Grade-10) မှ မောင်တေဇာလင်းက ကြီးပွားတိုးတက်အောင်မြင်ရေးအတွက် နည်းလမ်းကောင်းများ ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက်အခမ်းအနား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းသို့ အ.ထ.က(ဖောင်ရိုးချောင်း)မှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်‌ဌေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၅၀၀)ဉီးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်