ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် (၁၈) နှစ်အောက်နှင့် အသက် (၂၀) နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ် ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် (၁၈) နှစ် အောက်နှင့် အသက် (၂၀) နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ် ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကိုယခုလ (၅) ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားတွင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် အသက် (၁၈) နှစ်အောက်နှင့် (၂၀) နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ လေးယောက်တွဲ မီတာ၄၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ ပွဲစဉ်များကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အသက် (၁၈) နှစ်အောက် အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီးကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲ နှင့် အသက် (၂၀) နှစ်အောက် အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီးကလည်းကောင်း၊ မီတာ(၅၀၀၀) အပြေးပြိုင်ပွဲ၊ အသက်(၁၈)နှစ်အောက် အပြေးပြိုင်ပွဲတွင်ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ သူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးကလည်းကောင်း၊ အသက်(၂၀)နှစ် အောက် အမျိုးသမီး မီတာ (၂၀၀) ပြိုင်ပွဲ၊ အသက် (၂၀) နှစ်အောက် အမျိုးသမီး လေးယောက်တွဲ မီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းဒေသကြီးဥဒေချုပ်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များ ငွေသားဆုများကိုချီးမြှင့်ခဲ့ကြပြီး အသက် (၁၈) နှစ်အောက်၊ အသက်(၂၀)နှစ်အောက် အမျိုးသားလှံတံပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးကလည်းကောင်း၊ အသက် (၁၈) နှစ်အောက်နှင့် အသက်(၂၀)နှစ် အောက်အမျိုးသား တန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ မီတာ (၁၀၀၀၀) အပြေးပြိုင်ပွဲ၊ အသက် (၁၈) နှစ် အောက်နှင့် (၂၀) နှစ်အောက် အမျိုးသားမီတာ (၂၀၀) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အသက် (၂၀) နှစ်အောက် အမျိုးသား မီတာ (၂၀၀) ပြိုင်ပွဲ၊ အသက် (၂၀) နှစ်အောက် အမျိုးသား လေးယောက်တွဲ မီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များ ငွေသားဆုများအား အသီးသီးချီးမြှင့်ခဲ့ကြပြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသော ကျောင်းကုန်းမြို့နယ်၊ အသက်(၂၀)နှစ်အောက် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသော ပုသိမ်မြို့နယ်တို့အား ဆုဖလားများနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော ပုသိမ်မြို့နယ်၊ အသက် (၂၀) နှစ်အောက် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော မအူပင်မြို့နယ်တို့အား ဆုဖလားများနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီးနောက် အသက်(၁၈)နှစ်အောက်နှင့် အသက် (၂၀) နှစ်အောက် အမျိုးသား၊ အမျိုးသမီးစုပေါင်းတံခွန်စိုက်ဆုဖလားရရှိသော ပုသိမ်မြို့နယ်အား ဆုဖလားနှင့်ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)