မြန်အောင်ခရိုင်အတွင်း ရေဝင်သည့်ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များနှင့်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်

မြန်အောင် သြဂုတ် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးချုပ်(နေပြည်တော်)နှင့် တိုင်းဒေသကြီးဦးစီးမှူးရုံး(ပုသိမ်)မှ မြန်အောင်ခရိုင်အတွင်းရေဝင်သည့် ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များနှင့် ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်ခရိုင်အတွင်း ရေဝင်သည့်ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များနှင့် ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ခရိုင်အတွင်း ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားသော ကျွဲ၊ နွားတိရစ္ဆာန်များအတွက် အစာနု အိတ်များကို မွေးမြူတောင်သူများ လက်ဝယ်အရောက်ပေးဖြန့်ဝေပေးရန်ပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးများက မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များရှိ ရေဝင်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများအား တိရစ္ဆာန် အစာနု အိတ်များနှင့်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

မြန်အောင်ခရိုင် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်ရှိ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားသောကျွဲနွားများအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးချုပ်(နေပြည်တော်)မှနွားစာ (စပ်စာတောင့်)(50 kg/Bag) ၉၀ အိတ်၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ နွားစာ (စပ်စာတောင့်)(25 kg/Bag) ၁၀၀ အိတ်နှင့်ကုသဆေးဝါးများအား ခွဲဝေဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)