မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မော်လမြိုင်ကျွန်း ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပသည်။

အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် အ.ထ.က(၁)မှကျောင်းအုပ်ဆရာမကြီး ဒေါ်မြကြင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နုနုအေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်း နိုင်ငံ‌ရဲ့အနာဂတ်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်လာစေရန်၊ လူအများ ရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူငယ်များ အ‌နေဖြင့် အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များအချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်စေရန်အတွက်” လူငယ်စကားဝိုင်းကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းစတင်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် (Grad-11)မှ မောင်ရှိုင်းလင်းထက်၊ မောင်ညီမင်းထိုက်၊ (Grade-10)မှ မောင်စွမ်းပြည့်စုံ၊ (Grade-12)မှ မချမ်းမြေ့ခင်၊ မသင်းရနံ့လှိုင်၊ မပုံ့သိင်္ဂီဇော်တို့က လူငယ်နှင့် အနာဂတ်တာဝန် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-10) မှ မောင်ထူးမြတ်အောင်၊ မောင်စွမ်းမြတ်ထက်၊ မောင်နေဘုန်းခန့်၊ မဂျူမွန်လင်း၊ မခွန်ဆုနေခြည်၊ မဆုစန္ဒီတို့က လူငယ်နှင့် ဂိမ်းအလွန်အကျွံကစားခြင်း၏ ဆိုးကျိုးများခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဦး‌ဆောင်ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၅၃၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)