ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ကျဆင်းသွား၍ စာသင်ကျောင်း (၄) ကျောင်း ပြန်ဖွင့်

ပွင့်ဖြူ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ တစ်ဖြည်းဖြည်း ကျဆင်းလာသည့်အတွက် မြစ်ရေမြင့်တက်စဉ်က  ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာသင်ကျောင်း (၄) ကျောင်းမှာ မြစ်ရေကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေ ကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်သည့် စာသင်ကျောင်း (၄) ကျောင်းမှာ ပွင့်ဖြူမြို့နယ် ကြည်ကုန်းကျေးရွာ (အ.မ.က)၊ ညောင်ကုန်းကျေးရွာ(အ.မ.က)၊ ရေချမ်းစင်ကျေးရွာ (အ.မ.က) ကျောင်းနှင့် မင်းဇံကျေးရွာ (အ.မ.က) ကျောင်းတို့ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာ နောက်မကျစေရေးအတွက် အစားထိုး စာသင်ချိန်များကို တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်း (၃၀) ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယာယီပိတ်ထားခဲ့ရပြီး ယခုအခါ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ယနေ့ဖွင့်လှစ်သည့် စာသင်ကျောင်း (၄) ကျောင်းအပါအဝင် စာသင်ကျောင်း (၃၀) ကို ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)