ကြံခင်းမြို့ရှိ အမှတ်(၂)အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ကြံခင်း ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အ‌ခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။

ဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစောထူးသာ၊ မြို့နယ်သူနာပြုအဆင့် (၁) ဦးအေးနိုင်၊ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ဝင်းဝင်းကြည့်နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အလေးချိန် (ပေါင်ချိန်) ပေးခြင်း၊ အရပ်တိုင်းခြင်းနှင့် ကျန်းမာရေးလိုအပ်ချက်များကို စစ်ဆေးပေးခြင်းကို ဆောင်ရွက်ကြသည်။ ထို့နောက် အသိပညာပေးဟောပြောပွဲကိုပြုလုပ်ခဲ့ရာ ဒေါက်တာစောထူးသာက သွားနှင့်ခံတွင်းကျန်းမာရေးသိကောင်းစရာများအားလည်းကောင်း၊ မြို့နယ်သူနာပြုအဆင့် (၁) ဦးအေးနိုင်နှင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းကြည်တို့က ဝမ်းပျက်ဝမ်းလျှောအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးနည်း၊ အသိပညာပေးခြင်းများကို ဟောပြောခဲ့ကြသည်။

ထို့‌နောက် ဒေါက်တာစောထူးသာနှင့် အမျိုးသမီးကျန်းမာရေးဆရာမတို့က ကျောင်းအုပ်ဆရာမကြီးထံသို့ သွားတိုက်တံများပေးအပ်ခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)