ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း ဧက ၁၅၀၀၀ ကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်မိုးရာသီ၌ အစေ့ထုတ်ပြောင်း ဧက ၁၅၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ် မိုးရာသီမှာ အစေ့ထုတ်ပြောင်းစိုက်ပျိုးဖို့ ၁၄၉၉၅ ဧကလျာထားရာ ၁၅၀၁၂ ဧကစိုက်ပျိုးပြီး လျာထားဧက ထက်ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ တောင်သူတွေ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာမှာ သီးသန့်စိုက်ကြသလို ပဲစင်းငုံသီးနှံနဲ့ သီးညှပ်စိုက်ပျိုးကြပါတယ်။ အခု ပြောင်းစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းနေပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများက ဖောငမြောင်တောင်ပိုး ကာကွယ်ရေးနည်းလမ်းများ၊ ဘက်စုံပိုးမွှားကာကွယ်ရေးစနစ်၊ ကွင်းပြပွဲနှင့် သင်တန်းများဖွင့်လှစ်ပြီး အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးမှုအနေဖြင့် စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြံ၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ