အောင်လံမြို့၌ အာဟာရ ရက်သတ္တပတ်အကြို ကျန်းမာရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

အောင်လံ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (အောင်လံ) နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (အောင်လံ) တို့ကြီးမှူး ကျင်းပသော အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အောင်လံမြို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ကိုယ်စား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်တွင်ရှိသော လူသားအားလုံး မွေးဖွားလာစဉ်ကတည်းက အသက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးရေးတို့အတွက် သန့်ရှင်းပြီး လိုအပ်သော အာဟာရဓာတ်ပြည့်ဝသော အစားအစာများ နေ့စဉ်စားသုံးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ အောင်လံမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာမျိုးလွင်မှ အာဟာရ ရက်သတ္တပတ်ကျန်းမာရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အာဟာရဆိုင်ရာ ကျန်းမာရေးလှုပ်ရှားမှုပြခန်းနှင့် မူလတန်း ကျောင်းသား/ ကျောင်းသူများ ဆေးရောင်ခြယ်ယှဉ်ပြိုင်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသော မူလတန်းကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)