ဟင်္သာတ သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အင်းသာယာခန်းမ၌ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒူးယား(အ.ထ.က) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး၊ ဟင်္သာတမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ ပန်းမြိုင်လယ် စိန်ဝင်းက “လူငယ်တွေ စာများများဖတ်ဖို့ လိုပါသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဘုန်းမင်းရာဇာက “လောကမှာ အောင်မြင်ချင်သလား၊ စာအလင်း ပြတင်းတံခါးများဖွင့်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက “နှလုံးသားအဟာရဖြည့်တင်းဖို့ စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအား ပြုလုပ်ခဲ့ရာ ဒူးယားမြို့ ခေတ္တအုပ်ချုပ်ရေးမှူး ဦးမြတ်မင်းဦးနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အိအိခင်က အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးမာက ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကဏ္ဍများအလိုက် ဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများမှ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း (ဒူးယား) ကျောင်းစာကြည့်တိုက်အတွက် ခရိုင်ပြန်/ဆက်မှ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပါသည်။
အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်သိန်း(စာရေးဆရာ ဘုန်းမင်းရာဇာ)နှင့် စာရေးဆရာအသင်းဝင်များ၊ ဒူးယားမြို့(ခေတ္တ) အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းဦးနှင့် တာဝန်ရှိသူများ၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း(ဒူးယား)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)