မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးကိုယ်စားပြု ဖူဆယ်အသင်းနှင့် ပြေးခုန်ပစ်အသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနား တက်ရောက်

မကွေး ဩဂုတ် ၇

နေပြည်တော်တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများသို့  မကွေးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးဖူဆယ်အားကစားရုံ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းအားကစားအောင်နိုင်ရေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သြဝါဒစကားပြောကြားရာတွင် ဖူဆယ်အားကစားနည်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းကစားရသည့် အားကစားနည်းမျိုးမဟုတ်ဘဲ အသင်းလိုက် စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက် စည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်ကစားရသော အားကစားနည်းဖြစ်သည့်အတွက် တစ်ဦးအားနည်းချက်ကို တစ်ဦးဖြည့်ဆည်းပေးပြီး တိုင်းဒေသကြီးအတွက် အောင်မြင်မှုရအောင် စွမ်းဆောင်ရန် အဓိကထား ကြိုးစားပေးစေလိုကြောင်း၊ ထို့ပြင် ပြေးခုန်ပစ်အားကစားနည်းသည်လည်း အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်အများဆုံးရရှိသည့် အားကစားနည်းတစ်ခုဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်မည်ဆိုပါက ကစားသမားတစ်ဦးကို ရွှေတံဆိပ် (၄)ခုထိ ဆုတံဆိပ်များရရှိပြီး တိုင်းဒေသကြီးဂုဏ်ကိုဆောင်နိုင်သည့် ကစားသမားများဖြစ်လာရန် မျှော်မှန်းပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း အောင်မြင်မှုရရှိရန်အတွက် အုပ်ချုပ်သူများ၏ စကားနှင့် စည်းမျဉ်း/ စည်းကမ်းဥပဒေတွေကို လေးစားနာယူလိုက်နာကြရန်နှင့် ပြိုင်ပွဲတွင် တတ်ကျွမ်းနားလည်သည့် ဒိုင်များ၏ ဆုံးဖြတ်ချက်ကို သေချာလိုက်နာပြီး နောင်ထွန်းတောက်မည့် နိုင်ငံလက်ရွေးစင်ကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြပြီး မကွေးတိုင်းဒေသကြီး၏ စည်းလုံးမှု၊ အနိုင်မခံ ရှုံးမပေးသည့် စိတ်ဓာတ်နှင့် စည်းကမ်းရှိမှုများကို ပြသရင်း မကွေးတိုင်းဒေသကြီးအတွက် ဂုဏ်ယူတန်ဖိုးထားရမည့် တံခွန်စိုက်ဆုဖလားကြီးကို လက်ဝယ်ပိုင်ဆိုင်ရရှိပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြန်လာနိုင်ကြပါစေလို ဆုမွန်ကောင်းတောင်းပေးလိုက်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် အသင်းအုပ်ချုပ်သူမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မကွေးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား လေ့ကျင့်ပြင်ဆင်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများနှင့် နည်းပြအုပ်ချုပ်သူများထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေ စုစုပေါင်း (၄၃)သိန်း ()သောင်းကျပ်ကို ပေးအပ်ကာ အားကစားအဖွဲ့အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိလည်းကောင်း၊ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိလည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)